ဟားခါး အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ သရုပ်ပြခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရွေးကောက်ပွဲဆိုင်ရာ သရုပ်ပြခြင်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးလင်းကျော်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ရာ ဟားခါးမြို့နယ်အတွင်း မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်မည့် ပညာရေးဌာနမှ ဆရာ/ဆရာမများက လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဟားခါးမြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်တာဝန်ထမ်းဆောင်မည့်ပညာရေးဝန်ထမ်းများအား မင်တို့နည်း၊ မဲလက်မှတ်ပေးအပ်ရာတွင် ဆောင်ရွက်ရမည့် အချက်များ၊ မဲပုံးဆောင်ရွက်ပေးမှုများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဆောင်ရွက်ရမည့်အချက်များ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ သရုပ်ပြခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ဟားခါးမြို့နယ်အတွင်း မဲရုံ(၉၅)ရုံ၊ အထူးရဲ(၉၅)ဦး၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် ပညာရေးဝန်ထမ်း(၁၉၀)ဦးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၃၉၁၂၃)ဦးရှိကြောင်း ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးထောင်ဇဆန်းထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)