၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အဆင်ပြေ လုံခြုံ ချောမွေ့စွာ ဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်    ဖေဖော်ဝါရီ    ၂၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကာလ အတွင်း ကျောင်းသား/ ကျောင်းသူများ အဆင်ပြေ လုံခြုံချောမွေ့စွာ ဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူ များ က စာမေးပွဲကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေး၊ ဖြေဆိုမည့် စာစစ်ဌာနများ၌ မီးဘေးလုံခြုံမှုရှိစေရေး၊ ကျောင်းသား/ ကျောင်းသူများ ကျန်းမာရေး စောင့်ရှောက်မှုများရရှိစေရေး၊ လမ်းဘေးစျေးရောင်းချမှုများမှ ဆူညံသံများနှင့် အသံ ချဲ့စက်များမှ ဆူညံသံများကို ထိန်းသိမ်းဆောင်ရွက်ရေး၊ ယစ်မျိုးဆိုင်များ ရောင်းချမှု ကြီးကြပ် ဆောင်ရွက်ရေး၊ သွားလာမှုလုံခြုံစိတ်ချမှုရှိစေရေးနှင့် စာမေးပွဲကာလတစ်လျှောက် လိုအပ်သည့် လုပ်ငန်းအားလုံး ဌာန များအလိုက် ပူးပေါင်းဆောင်ရွက်ရာတွင် မြန်ဆန် မှုရှိစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းမြတ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဥမ္မာမြင့်၊ အမှတ် (၃၄) ယာဉ်ထိန်း တပ်ဖွဲ့စုမှူး ဒုရဲမှူးမိုးစိန်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဌေးလင်းဦး၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ အဖွဲ့ဝင်(၂) ဦးမင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဦး၊ မြို့နယ်လျှပ်စစ်ကော်ပိုရေးရှင်းမှ တာဝန်ရှိသူ ဦးချစ်ဝင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)