နေပြည်တော် ဒီဇင်ဘာ ၂၂
နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ခုတင်(၃၀၀)ဆေးရုံကြီးနှင့် လယ်ဝေးခုတင်(၁၀၀)ဆေးရုံမှ အထူးကုဆရာဝန်များပါဝင်သောအဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖြုတ်ခွဲ၊ လယ်သာ၊ ညောင်လူး၊ ဝဲကြီး၊ ငါးစိမ်းအင်း ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ နေပြည်တော်တိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက လာရောက်ဆေးကုသမှု ခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး အာဟာရဖြစ် စာသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများအား အမှတ်တရသစ်သီးခြင်း ပေးအပ်သည်။
ယနေ့ ပုဗ္ဗသီရီမြို့နယ်၊ ဖြုတ်ခွဲ၊ လယ်သာ၊ ညောင်လူး၊ ဝဲကြီး၊ ငါးစိမ်းအင်း ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေး စောင့်ရှောက်ပေးရာတွင် အထူးကု ဆရာဝန်များက အထွေထွေရောဂါလူနာ(၈၁)ဦး၊ မျက်စိလူနာ(၇၉)ဦး၊ ခွဲစိတ် (၂၉) ဦး၊ အရိုး(၅၉)ဦး၊ ကလေး(၂၀)ဦး၊ သားဖွားမီးယပ်(၁၁)ဦး၊ သွား(၃၆)ဦး စုစုပေါင်းလူနာ(၃၁၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း အမီလိုက်ကာကွယ်ဆေးနှင့် အထူးကာကွယ်ဆေးကို (၁၂)ဦးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)