လားရှိုးမြို့တွင် ၂၀၂၃ -၂၀၂၄ ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းများ ပြုလုပ်

လားရှိုး ဒီဇင်ဘာ ၂၂

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သည့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ခရိုင်အဆင့် လူရည်ချွန်စစ်ဆေးခြင်းစာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းကို  ယနေ့နံနက်ပိုင်း လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင်  ပြုလုပ်သည်။

လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းသို့ လားရှိုးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade -9 အဆင့်တွင် ၃၀ ဦး ၊ Grade-10 အဆင့်တွင် ၂၈ ဦး ၊ grade 11  အဆင့်တွင် ၂၉ ဦး ၊ Grade 12  အဆင့်တွင် ၂၅ ဦး စုစုပေါင်း ၁၁၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကိုယ်ကာယကြံ့ခိုင်ရေးပြိုင်ပွဲတွင် မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ လက်ထောက်တွန်းတင် (၂)မိနစ်ပြိုင်ပွဲ၊ ရပ်လျက် အလျားခုန်၊ အိပ်ထ မတင်၊ အမျိုးသား မီတာ (၈၀၀)၊ အမျိုးသမီးမီတာ (၄၀၀)ပြိုင်ပွဲများကို လူရည်ချွန်စိစစ်ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံး၊ လုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)