နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ဆင်သေချောင်းတံတား(ကျောက်ချက်) အသစ်တည်ဆောက်ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပျဉ်းမနားမြို့နယ် အတွင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်း ဆောင်ရွက်နေမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၂၂၃/၁)ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) လေးလမ်းသွားတံတားသစ် တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ဘောဂသီရိအဝေးပြေး ယာဉ်ရပ်နားစခန်းလမ်းဆုံ(Junction)တွင် ယာဉ်သွားလာမှု စနစ်တကျဖြစ်စေရေးအတွက် လမ်းပြုပြင် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တာန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တံတားအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေး၊ တံတားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ချောင်းရေတိုက်စားမှု မဖြစ်ပေါ်စေရေး၊ မြစ်ချောင်းထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုရှိစေရေးတို့အတွက် သက်ဆိုင်ရာဌာနများက ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လမ်းဆုံ(Junction)တွင် ယာဉ်သွားလာမှု စနစ်တကျဖြစ်စေရေး ယာဉ်ကြောပြင်ဆင် သတ်မှတ်ထားရှိမှု၊ လမ်းအချက်ပြ ဆိုင်းဘုတ်(Road Sign)များ ဆောင်ရွက်ထားရှိမည့် အခြေအနေနှင့် ယာဉ်များအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍   နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်အတွင်းရှိ ပန်းခင်းလမ်း လမ်းဘေးဝဲ/ယာတွင် သန့်ရှင်းရေး ဆောင်ရွက်နေမှု၊ လမ်းဘေးပလက်ဖောင်းဆေးစွဲခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပေါင်းလောင်း ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းဘေးဝဲ/ယာတွင် သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေ သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းဘေးဝဲ/ယာများတွင် သန့်ရှင်းသာယာလှပရေးကို အမြဲဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများ အားမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်အတွင်းထွက်ရှိသည့် MSME ထုတ်ကုန်များ ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပပြုလုပ်မည့် ပျဉ်းမနားမြို့နယ်၊ အောင်မင်္ဂလာ ကားကွင်းဟောင်းနေရာတွင် ဈေးဆိုင်ခန်းများ တည်ဆောက်ပြင်ဆင်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ဈေးပွဲတော်ကျင်းပရန်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)