ရန်ကုန် ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ၂၀၂၃-၂၀၂၆ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်နှင့်ဗဟိုအလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်နှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မင်္ဂလာခန်းမတွင် ကျင်းပရာ ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌဦးတင်ကိုကိုနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဆန်းလင်းနှင့် အသင်းသား အသင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးဆန်းလင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌဦးတင်ကိုကိုက ရွေးချယ်တင်မြှောက်ပွဲနှင့်ပတ်သက်၍ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းပြဌာန်းချက်များနှင့် စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အသင်းသားအသင်းသူများက အလုပ်အမှုဆောင်အဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ခြင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ခြင်း၊ စီမံခန့်ခွဲရေးတာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်များ ရွေးချယ်တင်မြှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌဦးတင်ကိုကိုက မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ၂၀၂၃-၂၀၂၆ ခုနှစ် သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ခံရသည့် အမှုဆောင်အဖွဲ့ဝင်များ၏ အမည်စာရင်းကို ဖတ်ကြားကြေညာခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ ၂၀၂၃-၂၀၂၆ ခုနှစ် သက်တမ်းအတွက် ဆက်လက်ရွေးချယ်တင်မြှောက်ခံရသော ဥက္ကဋ္ဌဦးဆန်းလင်းမှ ကျေးဇူးတင်စကားနှင့် အသင်းရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များပြောကြားပြီး၊ ရွှေးချယ်ခံရသည့် အမှုဆောင်များက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယနေ့ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ၂၀၂၃-၂၀၂၆ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲတွင် အသင်းဝင်းပေါင်း (၆၀၀)ကျော်ရှိသည့်အနက် (၅၀၀)ကျော်တက်ရောက် မဲပေးခဲ့ကြပြီး၊ ဥက္ကဌ(၁)ဦး၊ ဒုတိယဥက္ကဌ(၅)ဦး၊ အထွေထွေအတွင်းရေးမှူး(၁)ဦး၊ တွဲဖက်အတွင်းရေးမှူး(၅)ဦး၊ အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင် စုစုပေါင်း(၈၃)ဦးတို့ကို ရွေးချယ်တင်မြှောက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)