တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club ဖြင့် စာဖတ်ဝိုင်း ကျင်းပ

တိုက်ကြီး ဒီဇင်ဘာ၂၂

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် “စီမံခန့်ခွဲမှုလုပ်ငန်းတွေ အောင်မြင်စေမယ့် လျှို့ဝှက်ချက်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဦးဇော်မင်းကိုက စည်းကမ်းတကျရှိစေရန် ထိန်းသိမ်းလုပ်ဆောင်တတ်သည့် အလေ့အကျင့်သည် လုပ်ငန်းတစ်ခု၏အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ရုံသာမက ကြီးကျယ်သည့် အောင်မြင်မှုများရရှိရန်အတွက် မရှိမဖြစ်လိုအပ်သော အခြေခံမူတစ်ခုဖြစ်ကြောင်း ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club  အဖွဲ့ဝင်များက ဆုံးဖြတ်ချက်ပြုလုပ်သည့် ကိစ္စသည် အကျိုးအကြောင်းဆီလျော်မှု၊ စိတ်တည်ငြိမ်မှုအကြောင်းအရာ၊ အကြောင်းအရာ၏ အရေးကြီးမှုကို ချင့်ချိန်နိုင်မှုများနှင့် ပတ်သက်ကြောင်း၊ လုပ်ငန်းကိစ္စတစ်ခုနှင့်ပတ်သက်၍ အစောကြီးကတည်းက ကြိုတင်စဥ်းစားပြီး သေသေချာချာစီမံလျာထားမှု မရှိသူများဟာ ပြဿနာနှင့် မုချရင်ဆိုင်ရကြောင်းနှင့် စွမ်းဆောင်ရည်မြင့်မားသည့် အဖွဲ့အစည်းများဟာ သူတို့ကိုသတ်မှတ်ပေးထားသည့် ရည်မှန်းချက်များ အောင်မြင်အောင် မဖြစ်မနေ ကြိုးစားမယ်ဆိုသည့် ခံယူချက်မျိုး အပြည့်အဝထားရှိကြကြောင်း အသီးသီးဖတ်ကြား၍ အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါ စာဖတ်ဝိုင်းများကို မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာပေချစ်မြတ်နိုးသူများအသင်းဖြင့်  လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)