လားရှိုး ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းမြို့အသီးသီးတွင်ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် လိုအပ်သည်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ စေတနာရှင် အလှူရှင်များက ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက်တွင် လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အလှူရှင်များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ စေတနာရှင် အလှူရှင်များက စုပေါင်းလှူဒါန်းသည့် အလှူပစ္စည်းများ၊ အဝတ်အထည်များ၊ ဆေးဝါးပစ္စည်းများနှင့်ကလေးအသုံးအဆောင် ပစ္စည်းများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ ကျောက်မဲမြို့နယ်၊နောင်ချိုမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ သိန္နီမြို့နယ် တို့မှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့မှ စေတနာရှင် ၊အလှူရှင်များသည် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် တွင်ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများကိုလည်း အဝတ်အထည်များ၊ မုန့်များ ကိုယ်တိုင်ပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။
လားရှိုး၊မူဆယ်၊ကျောက်မဲ၊သီပေါ၊နောင်ချို၊မိုင်းရယ်၊ လောက်ကိုင်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊သိန္နီမြို့တို့မှ ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူ ၁၇၃၀၀ ဦးရှိကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)