ဥတ္တရသီရိမြို့နယ်၌ “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကျင်းပ

ဥတ္တရသီရိ ဒီဇင်ဘာ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို  ယမန်​နေ့နံနက်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ရန် ကြိုးစားဖို့ လိုကြောင်း၊ စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်အဟုန်မပျက် ပိုမို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အနာဂါတ် နိုင်ငံတော်ကို ပုံဖော်ထုစစ်ရမည့်သူများ ဖြစ်သည့်အတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့် ပြည့်စုံရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသ စာအုပ်၊ စာစောင်များ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်၊ လူငယ်နှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)