မြစ်သားမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး ‌ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသ

မြစ်သား ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက အခြေခံပညာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ကျန်စစ်သားခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က မီးဘေး၊ သဘာဝဘေးနှင့်အခြားသောဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက လိုက်နာနေထိုင် ပြုမှုဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်၊ ဆေးမီးမီးငြိမ်း သတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းကိရိယာများအား လက်တွေ့ကိုင်တွယ်လေ့လာကြည့်ရှုနိုင်ရန်၊ ယခုလို အစီအစဉ်များဆောင်ရွက်ပေးခြင်းဖြင့် ကလေးတွေရဲ့မှတ်ဉာဏ်ထဲမှာဘေးအန္တရာယ် တစ်ခုခု ဖြစ်ပွားလာပါက ၎င်းတို့၏ခွန်အား၊ အသိနှင့်ဘယ်လိုတုန့်ပြန်ရမလဲ၊ ဘယ်လိုပြင်ဆင်ရမလဲ၊ ပတ်ဝန်းကျင်က ကလေးသူငယ်များကို ဘယ်လိုကူညီစောင့်ရှောက်ရမလဲဆိုတာကို နားလည်သဘောပေါက်ကြစေရန် ရည်ရွယ်၍ အသိပညာပေး‌ ရှင်းလင်းဟောပြောခဲ့ပြီး အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းအုပ် ဆရာမကြီးဒေါ်အေးသီတာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ခင်းကျင်းပြသထားသော မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရာတွင် အသုံးပြုသည့် ကိရိယာပစ္စည်းများ၏ အသုံးပြုပုံအကြောင်းကို သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူလေးများကို ရှင်းလင်းပြသကာ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ကယ်ဆယ်ခြင်း၊ လတ်တလောကုသခြင်း၊ မီးလောင်ရခြင်းတို့ကို လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပောာပြောပွဲနှင့်သရုပ်ပြပွဲတွင်မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနမှမြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြေခံပညာစက်မှု ၊စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)