မိုင်းပန်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအခမ်းအနားနှင့်သရုပ်ပြခြင်း ဆောင်ရွက်

မိုင်းပန် ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအခမ်းအနားနှင့်သရုပ်ပြခြင်းကို မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသုမောင်က သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံပြန်ဆောင်ရွက်ရေးအကြောင်းများ ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်း၊ ရေသန့်ဘူးများဖြင့် အသက်ကယ်အင်္ကျီပြုလုပ်နည်း၊ စောင်တစ်ထည်ကိုအသုံးပြု၍ လူနာသယ်နည်းနှင့် ရှေးဦးသူနာပြုစုနည်း အစရှိသည့်တို့ကို ကျောင်းသား/သူများ သိရှိနားလည်စေရန် သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)