ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁၂/၂၀၂၃)အစည်းအ‌ဝေးကျင်းပ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ဘားအံ)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆွေးနွေး

ဘားအံ ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၏ ခရီးသွားလုပ်ငန်း တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်၏ ခရီးသွားလုပ်ငန်းတိုးတက်လာစေရန်အတွက် လစဉ်အစည်းအဝေးများ ကို ဆောင်ရွက်ခဲ့ပြီး ချမှတ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များကို တိတိကျကျ လေးစား လိုက်နာ ဆောင်ရွက်ကြဖို့လိုကြောင်း၊ မကြာမီ ကရင်အမျိုး သားနှစ်သစ်ကူးနေ့ကို ကရင်အမျိုးသား များနေထိုင်ရာနေရာအနှံအပြားတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လေ့လာလည်ပတ်နိုင်ရေး Online website များ၊ လူမှုကွန်ရက် Social media များတွင် ကြော်ငြာ၍ ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း၊ လာရောက်သည့်ခရီးသွားဧည့်သည်များ အတွက် အမြဲတမ်း ဆန်းသစ်နေသည့် ခရီးသွား၊ခရီးစဉ်ဒေသများအဖြစ် ဆောင်ရွက်နိုင်မည်ဆိုပါက ခရီးသွားကဏ္ဍကို ယခုထက်ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ဒေသ၏ အမှတ်တရပစ္စည်းများ အရည်အသွေးကောင်းမွန်စေရေး၊ ထုပ်ပိုးမှု ဆွဲဆောင်မှုရှိစေရေး၊ အားနည်းချက် စိန်ခေါ်မှုများကို ကျော်လွှား၍ လုံခြုံရေးအကန့် အသတ်များကိုထိန်းညှိကာ ခရီးသွားများအား ဆွဲဆောင်နိုင်သော ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် ခရီးသွားကဏ္ဍတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး  ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လင်း ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေ အနေ၊ ယခုအပတ်အစည်းအဝေးတွင် ဒေသကော်မတီမှ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ဆုံးဖြတ်ရ မည့်ကိစ္စရပ်များကို (Power Point) အသုံးပြုရှင်းလင်းတင်ပြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြခဲ့ကြသည်။

ထိုသို့ ဆွေးနွေးတင်ပြမှုများအပေါ် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် အနာဂတ်လူငယ်များ အသိဉာဏ်ပညာဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္ထ၊ မိတ္ထ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)တို့ပူးပေါင်း ၍ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က စာပေစကားဝိုင်းများသည် လူငယ်များအတွက် အခြေခံအခွင့်အလမ်းကောင်းများ၊ လူငယ်များ၏အိမ်မက်များနှင့် ကြုံတွေ့နေရသည့်စိန်ခေါ်မှုများကို အကောင် အထည်ဖော် ရင်ဆိုင်ကျော်လွှားနိုင်မည့် လမ်းစများဖြစ်ကြောင်း၊ အနှစ်သာရ အနေဖြင့် ဗဟုသုတများပိုမိုရရှိစေ ခြင်း၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်ခြင်း၊ အတွေ့အကြုံသစ်များ ရရှိပြီး လူငယ်အချင်းချင်းရင်းနှီးချစ်ကြည်မှုများတိုးပွားကာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိခြင်းနှင့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိတ်အားထက်သန်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်ရေးတို့ကို ရရှိစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆိုင်သော စာပေများအပြင် ဗဟုသုတရရှိစေရန် စာပေကဏ္ဍမျိုးစုံ ကို ဖတ်ရှုကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးမောင်မောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းတင်ပြပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အစီအစဉ်တင်ဆက်သူအဖြစ် ဘားအံခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးကဆောင်ရွက်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ဘားအံ)မှ ဒုတိယနှစ်နှင့်တတိယနှစ် ကျောင်းသား၊ကျောင်းသူများက လူငယ်နှင့်အားကစားနှင့် ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္ထ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အသက်မွေးဝမ်းကျောင်း ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးကြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ဘားအံ)မှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းဦးဆောင် ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ယင်းနောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ဘားအံ) ကျောင်းအုပ်ဆရာမကြီးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမောင်မောင်အား လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်နှင့် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)