မြိတ်မြို့တွင် ကောင်းမွန်သောဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီရောင်းချနိုင်ရေး အသိပညာပေး

မြိတ် ဒီဇင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဆေးဝါးလက်လီလက်ကားရောင်းချလျက်ရှိသော ဆေးဝါးဖြန့်ဖြူး ရောင်းချသူများနှင့် ဆေးဆိုင်ပိုင်ရှင်များအား ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချနိုင်ရေးတို့အတွက် ဒီဇင်ဘာ (၂၁) ရက် နံနက်ပိုင်းက မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အသိပညာပေးခဲ့ကြသည်။

အသိပညာပေးရာ၌ မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာယဉ်ယဉ်နွဲ့က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သဲဦးဗိုလ်က အရည်အသွေးပြည့်မီပြီး ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့် အာနိသင်ရှိ ဘေးအန္တရာယ်ကင်းရှင်းသောဆေးဝါးများ ပြည်သူလူထုရရှိ သုံးစွဲစေရေးအကြောင်း အသိပညာပေးပြောကြားသည်။

ထို့အတူ မြိတ်မြို့ရှိဆေးဆိုင်များအား ယမန်နေ့က တရားမဝင်ဆေးဝါးများ၊ မှတ်ပုံမတင်ထားသော ဆေးဝါးများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိမရှိကို မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှပူးပေါင်း၍ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးခဲ့ကြပြီး အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)