စဉ့်ကိုင်မြို့နယ်တွင် မုန်လာဥများ တပိုင်တနိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

စဉ့်ကိုင် ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုအချိန်တွင် မုန်လာဥများ တပိုင်တနိုင်ရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

မုန်လာဥများကို ဆောင်းရာသီတွင် အများဆုံးစိုက်ပျိုးကြပြီး နတ်တော်လအချိန်တွင် စတင်တူးဖော်ကြသည်။ မုန်လာဥစိုက်ပျိုးမည်ဆိုပါက ကျဲပက်သည့်စနစ်ဖြင့် စိုက်ပျိုးကြပြီး ရှင်သန်မှုကြီးထွားသည့် အပင်များကို ပင်တန်းခြား (၆)လက်မခန့်လောက် ပြန်လည်ထားရှိစိုက်ပျိုးရကြောင်း၊ အပင်များ ရှင်သန်ကြီးထွားမှုကောင်းစေရန်အတွက် မြေမွပြီး အနည်းငယ်နှပ်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးပြီးချိန်မှစ၍ စိုက်ခင်းများရှိ မုန်လာဥများ မာကြောကျစ်လျစ်မှုမရှိစေရန် အမြဲစိုစွတ်အောင် မကြာခဏရေသွင်းပေးရန်လိုကြောင်း၊ မုန်လာဥခင်း (၁)ဧကလျှင် အပင်ပေါင်း (၇၀၀၀)ကျော် စိုက်ပျိုးနိုင်ပြီး (၃)လအကြာတွင် တူးဖော်နုတ်ယူရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ယခုကာလတွင် မုန်လာဥ ၅လုံးတွဲ တစ်တွဲလျှင် (၅၀၀)ကျပ်ရောင်းချရ၍ အပိုဝင်ငွေများရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း ပင်းချားကျေးရွာမှ မုန်လာဥစိုက်ပျိုးရောင်းချသူ ဒေါ်သန်းသန်းမော်ထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်)