(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲ ကျင်းပ

ဒဂုံ ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲအား ယ​​နေ့နံနက် (၇:၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်ဖွင့်လှစ်ပြီး အဖွင့်အမှာစကားပြောကြား​ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဘင်ခရာပြိုင်ပွဲဝင်အသင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ဆရာကြီးဆရာမကြီးများ ဖိတ်ကြားထား သည့်လူမှုရေးအဖွဲ့အစည်းများ ဧည့်သည်တော်များ တက်ရောက်ပါသည်။ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲကို (၂၁-၁၂-၂၀၂၃) ရက်နေ့မှ (၂၄-၁၂-၂၀၂၃) ရက်နေ့ထိကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်သူများအား ဌာနမှူး၊ စီမံရေးရာဌာန ညွှန်ကြားမှုဖြင့် ဒုတိယဌာနမှူး (ခရိုင် /မြို့နယ်) ကြပ်မတ်၍ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများက နံနက်ခင်းစာအဖြစ် ကောက်ညှင်းပေါင်း၊ လက်ဖက်ရည်/ကော်ဖီတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

မြို့နယ် (ပြန်/ဆက်)