ကျောက်တလုံးကြီးမြို့တွင် ဆီထွက်သီးနှံပန်းနှမ်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်

ကျောက်တလုံးကြီး ဒီဇင်ဘာ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး သနပ်ဖက်၊ ပြောင်း၊ နှမ်း၊ ထောပတ်၊ လိမ္မော်၊ ကြက်သွန်၊ သခွားနှင့်အခြားသီးနှံများအား စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်သီးနှံပန်းနှမ်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့၌ ဆီထွက်သီးနှံပန်းနှမ်းစိုက်ခင်းများကို ဆောင်းဖိုးကျေးရွာအုပ်စု၊ ကက္ကူကျေးရွာအုပ်စု၊ နောင်ကားကျေးရွာအုပ်စုတို့တွင် အစေ့ထုတ်ပြောင်းရိတ်သိမ်းပြီးကာလအတွင်း အများစုစိုက်ပျိုးကြပြီး နှစ်စဉ် စက်တင်ဘာ၊ အောက်တိုဘာ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြကြောင်း၊ လက်ရှိကာလအတွင်း ပန်းနှမ်းဆီ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အထိ ဒေသတွင်းပေါက်ဈေးရှိသဖြင့် ဈေးကောင်းရရှိသည့် အနေအထားဖြစ်ကြောင်း၊ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော ဒေသတွင်း ပန်းနှမ်းများရိတ်သိမ်းချိန်သို့ ရောက်ရှိပါက ပန်းနှမ်းဆီဈေး ပိုမိုကောင်းမွန်သောနှုန်းထားဖြင့် ရရှိနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း ပန်းနှမ်းစိုက်ပျိုးသူ ဦးခွန်ရန်နိုင်ထံက သိရသည်။

ဇော်နိုင်လင်း