မိုးစပါး(မြစိမ်းရောင်)စီမံကိန်းမှ သွင်းအားစု/မျိုးစပါးများဖြင့် စိုက်ပျိုးခဲ့သည့် မြိတ်မြို့နယ် သမဝါယမအသင်းသား တောင်သူများ စပါးအထွက်နှုန်း ပိုမိုထွက်ရှိ

မြိတ် ဒီဇင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရေး (မြစိမ်းရောင်)စီမံကိန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း သမဝါယမကဏ္ဍမှ သွင်းအားစု/မျိုးစပါးများကို သမဝါယမအသင်းသား တောင်သူများကို မတည်ပံ့ပိုးဆောင်ရွက်ခဲ့ရာ တောင်သူများ၏ မိုးစပါးစိုက်ဧကများ ယခင်နှစ်ကထက် စပါးအထွက်နှုန်း ပိုမိုထွက်ရှိခဲ့ကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။

မြစိမ်းရောင်စီမံကိန်းဖြင့် အခြေခံသမဝါယမအသင်း(၁၂)သင်းမှ မိုးစပါးစိုက်ဧက(၃၀၀၀)တွင် ဆင်းသုခ/ ပေါ်ဆန်းရင်/ GW-11 မျိုးစပါးများ စိုက်ပျိုးဆောင်ရွက်ခဲ့ကြပြီး ယခုစပါးရိတ်သိမ်းရာသီတွင် သမဝါယမအသင်း (၁၀)သင်းမှ ရိတ်သိမ်းဆောင်ရွက်လျက်ရှိရာ မြိတ်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကာ အသင်းသားတောင်သူများမှ စိုက်ဧက(၈၁၄)ဧက ရိတ်သိမ်းခဲ့ကြပြီးဖြစ်၍ ယခင်နှစ်က တစ်ဧကလျှင် (၇၀)ထွက်ရှိကြ၍ ယခုနှစ်တွင် တစ်ဧကလျှင် တင်း(၈၀) ထွက်ရှိခဲ့ကြကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်း ဝင်ငွေတိုးတက်စေရန်နှင့် (၁)ဧက အထွက်နှုန်းတိုးစေရန်အတွက် သမဝါယမဦးစီးဌာနမှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူ(၄၁၄)ဦး၏ စိုက်ဧက(၃၀၀၀)အတွက် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မျိုးစပါး၊ သွင်းအားစုများကို မတည်ထောက်ပံ့ပေးအပ်ခဲ့ရာ ယခုစပါးရိတ်သိမ်းရာသီတွင် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ဧကများ ယခင်နှစ်ကထက် စပါးအထွက်နှုန်း ပိုမိုထွက်ရှိခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)