လှည်းကူး ဒီဇင်ဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လှည်းကူးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine (MEVM)စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီ၌ လှည်းကူးမြို့၊ မြို့မရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသော မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းလုပ်ငန်းများကို မြောက်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်တင်က လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူ မဲဆန္ဒရှင်ပြည်သူများမှ မြန်မာအီလက်ထရောနစ် မဲပေးစက်ကို အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာလျက်ရှိပြီး အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နန်းထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေး၀န်ထမ်းများ၊ ပါတီကိုယ်စားလှယ်၀င်များ၊ ရပ်ကွက်၊ ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း(၄၁၉)ဦး တက်ရောက်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ(၂၁)ရက်နေ့နှင့် (၂၂)ရက်နေ့တို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)