မိတ္ထီလာ ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ညောင်ဇောက်ကျေးရွအုပ်စု ပျော်ဘွယ်(စံပြ)ကျေးရွာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းရရှိပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမအကြိမ်ထုတ်ချေးခြင်းကို ယမန်နေ့ နံနက်က အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝါဝါမိုးက စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိူးကျေးဇူးနှင့် လက်စွဲစာစောင်ပါ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာတာဝန်ခံက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ဝါဝါမိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ စီမံကိန်းရန်ပုံငွေ ကျပ် ၃၆.၃သန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် ပျော်ဘွယ်(စံပြ)ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၀ ဦးအား ငွေကျပ် ၂၂.၅ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၀ ဦးအား ငွေကျပ် ၁၃.၈ သန်း စုစုပေါင်း အသင်းသား အသင်းသူ ၁၀၀ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၆.၃ သန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)