လားရှိုးမြို့၏ ဆောင်းတွင်းကာလအတွင်း ဒေသအစားအစာ ခေါပုတ်ကင်များ ရောင်းချ

လားရှိုး ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ ဆောင်းတွင်းကာလအတွင်း ဒေသရိုးရာအစားအစာအဖြစ် ခေါပုတ်ကင်များကို ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။

ရှမ်းခေါပုတ်ကင်ကို ဆောင်းတွင်းကာလများတွင်သာ အဓိကထားပြုလုပ်ရောင်းချလေ့ရှိကြပြီး  ဒေသတွင်းပြုလုပ်သည့် ရာသီပေါ်အစားအစာအဖြစ် သုံးဆောင်လေ့ရှိကြကြောင်း သိရသည်။

“ခေါပုတ်ကို တချို့က ခေါပုတ်ထောင်းတဲ့နေရာတွေမှာ ရောင်းချတဲ့ ခေါပုတ်ချပ်ကိုဝယ်ပြီး အိမ်မှာကြော်စားကြသလို ကင်ရောင်းတဲ့ဆိုင်တွေမှာတော့ ခေါပုတ်ချပ်အသေးလေးတွေကို ကင်ပြီးရောင်းကြတာများပါတယ်။” ဟု ခေါပုတ်ရောင်းချသူတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် ခေါပုတ်ချပ်အကြီးတစ်ပိဿာလျှင် တစ်သောင်းလေးထောင်ကျပ်ထိဈေးရှိပြီး မီးကင်၍ ရောင်းချကြသည့် ခေါပုတ်ကင်အသေးများမှာတစ်ချပ်လျှင် ငါးရာကျပ်ဈေးရှိကြောင်း သိရသည်။

ခေါပုတ်ကင်အသေးကို အချိုနှင့်အစိမ့်ဟူ၍ နှစ်မျိုးရောင်းချကြပြီး ခေါပုတ်အဖြူအစိမ့်ကိုမူ ဆီတိုဖူးဖြင့် တို့စားလေ့ရှိကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)