တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့ ရေပေးဝေရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားသို့တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၂၁

မြိတ်မြို့ ရေပေးဝေရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် BBWI & MCPC Co.,Ltd တို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T)နှင့် မြေငှားရမ်းခြင်းဆိုင်ရာသဘောတူစာချုပ် (Land Lease Agreement)တို့ကို လက်မှတ်ရေးထိုးချုပ်ဆိုမည့်အခမ်းအနားကို ယမန်နေ့နံနက်  ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအတွင်း တနင်္သာရီမြစ်မှ ရေကိုစုပ်ယူပြီး မြိတ်မြို့ရေပေးဝေရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက်  မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် Bright Blue Water Corporation Co.,Ltd တို့အကျိုးတူပူးပေါင်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုမ္ပဏီတို့အကြား ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ စူးစမ်းလေ့လာသည့်နားလည်မှုမှတ်တမ်း F.S MOU ကိုလက်မှတ်ရေးထိုးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ Swiss Challenge တင်ဒါခေါ်ယူခဲ့ပြီး Bright Blue Water International Corporation Co.,Ltd နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က တင်ဒါအောင်မြင်ခဲ့ကြောင်း၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းအား B.O.T စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် B.O.Tစာချုပ်(မူကြမ်း)အား နိုင်ငံတော်သမ္မတရုံး၏ စိစစ်ရေးအဖွဲ့က စိစစ်ခဲ့ပြီးဖြစ်ကြောင်း၊ Bright Blue Water International Corporation Co.,Ltd နှင့် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ အထူးကုမ္ပဏီ(SPV)အဖြစ် ဖွဲ့စည်းခဲ့သည့် BBWI & MCPC Co.,Ltd မှစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ကြောင်း၊  စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် BBWI Co.,Ltd သည် ထိုင်းနိုင်ငံ ခရိုင်(၈)ခရိုင်တွင် ကမ္ဘာ့အဆင့်မီရေများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ လုပ်ငန်းအတွေ့အကြုံ (၁၀)နှစ်ခန့် ရှိပြီးဖြစ်ကြောင်း၊ ယခုမြိတ်ဒေသအတွင်းရှိ လူနေအိမ်များနှင့်စက်မှုလုပ်ငန်းများသို့ ကမ္ဘာ့အဆင့်မီ ရေများထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများအတွက် တည်ဆောက်ရေးကာလကြာမြင့်ချိန်မှာ(၃)နှစ်ဖြစ်ပြီး စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်မည်ဆိုပါက ဒေသခံပြည်သူများအတွက် ရေကောင်းရေသန့်နှင့် သောက်သုံးရေဖူလုံစွာရရှိနိုင်ပြီး စီးပွားရေးလုပ်ငန်းများအတွက် သန့်ရှင်းသောရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ မြိတ်မြို့အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းအတွက်ပါ ရေးကောင်းရေသန့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမြင့်ထွန်းက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး BBWI & MCPC Co.,Ltd မန်နေဂျင်းဒါရိုက်တာ Mr.Kanapord နှင့် BBWI & MCPC Co.,Ltd ဒါရိုက်တာ ဦးလှသန်းတို့က မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် BBWI & MCPC Co.,Ltd တို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T)နှင့် မြေငှားရမ်းခြင်းဆိုင်ရာသဘောတူစာချုပ် (Land Lease Agreement)အား လက်မှတ်ရေးထိုးခဲ့ကြပြီး BBWI & MCPC Co.,Ltd ဒါရိုက်တာ ဦးလှသန်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)