ထားဝယ် ဒီဇင်ဘာ ၂၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဆုချီးမြှင့်ခြင်းနှင့် စားပွဲတင်တင်းနစ်၊ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်း နေရာယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုပြီး တန်းအပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ခဲ့ပြီးလူမှုရေးဦးတည်ချက်၏ တတိယအချက် ဖြစ်သည့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်များသည် အနာဂတ် နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ မွေးထုတ်ပေးရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများ ဖြစ်အောင်လေ့ကျင့် ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ကျောင်းတွင်း အားကစားပွဲများသည် နိုင်ငံကြီးသား၊ နိုင်ငံ့သားကောင်း (Good citizen) တစ်ယောက်တွင် မဖြစ်မနေ ရှိရမည့် လူ့တန်ဖိုး ထက်မြက်လာအောင် လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် “သည်းခံစိတ်မြင့်မားလာမှု၊ စည်းကမ်းကို လေးစားလိုက်နာ တန်ဖိုးထားမှု၊ အရှုံးကိုလက်ခံနိုင်မှု၊ ဘုံရည်မှန်းချက်ကို အောင်မြင်အောင်စည်းလုံး ညီညွတ်စွာ အကောင်အထည်ဖော်နိုင်မှု၊ ပြိုင်ဘက်ကို ရန်သူဟု အမြင်ကင်းကာ ကိုယ့်အရည်အသွေး တက်လာအောင် လေ့ကျင့်ပေးသည့် မိတ်ကောင်းဆွေကောင်း၊ တစ်နည်းအားဖြင့် မိမိထူးချွန်အောင်မြင်မှု အတွက် ပါရမီဖြည့်ဖက်ဟု ခံယူထားနိုင်မှုနှင့် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သူများ” ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် သမိုင်းဘာသာရပ် အသင်းနှင့် ဘူမိဗေဒဘာသာရပ်အသင်းများ၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ သမိုင်း ဘာသာရပ်အသင်းက အနိုင်ရရှိသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က အကောင်းဆုံးအားကစားဆု ရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ဒုတိယဆုရရှိသော ဘူမိဗေဒဘာသာရပ် အသင်းအားလည်းကောင်း တစ်ဦးချင်းဆုချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပထမဆု ရရှိသော သမိုင်းဘာသာရပ်အသင်းအား တစ်ဦးချင်းဆုနှင့် ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)