တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/ မရှိ လေ့လာဆန်းစစ်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU)လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့အကြား မြိတ်မြို့နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/ မရှိ လေ့လာဆန်းစစ်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ Feasibility Study (F.S) (MOU)လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုအတွင်းရှိ စုစုပေါင်းမြေဧရိယာ (၇၃၈.၁၉)ဧကပေါ်တွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်တို့အား  အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပြုပါရန် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တင်ပြလာမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အမှာစာအား သဘောတူခဲ့ကြောင်း၊ မြိတ်မြို့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသရေထွက်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည့်အခြေအနေ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ကုန်ချောထုတ်လုပ်ရန် နိုင်ငံတကာလုပ်ငန်းများမှ နည်းပညာနှင့် အရင်းအနှီးများ ဝင်ရောက်လာမည်ဖြစ်၍ နိုင်ငံတော်ဘဏ္ဍာအတွက် နိုင်ငံခြားဝင်ငွေနှင့် အခွန်အခများ တိုးပွားရရှိလာမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးလာမည် စသည့် အကျိုးကျေးဇူးများ ပိုမိုရရှိနိုင်မည်ဖြစ်သည့်အတွကိ ဝမ်းမြောက်ရပါကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အဆင်ပြေချောမွေ့ပါစေကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးလှသန်းက နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့အကြား မြိတ်မြို့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/ မရှိ လေ့လာဆန်းစစ်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ Feasibility Study (F.S) (MOU)အား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)