နေပြည်တော် ဒီဇင်ဘာ ၂၁
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနနှင့် နေပြည်တော်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ နေပြည်တော် စာတတ်မြောက်ရေးလုပ်ငန်းတွင် တာဝန်ယူသင်ကြားပေးကြမည့် စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ရုံးသုံးစာသည် မြန်မာစာဖြစ်သည့်အတွက် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူတစ်ဦးချင်းအနေဖြင့် မြန်မာစာတတ်မြောက်ရေးသည် တစ်ဦးချင်းစီ၏လူနေမှု ဘဝမြင့်မားတိုးတက်စေဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်ခြင်းနှင့်အတူ အရောင်းအဝယ်လုပ်ငန်းလုပ်ရာတွင် အခြေခံသင်္ချာတတ်မြောက်ဖို့အတွက် မဖြစ်မနေလိုအပ်ပါကြောင်း၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအနေဖြင့် တစ်နေရာမှတစ်နေရာသို့ သွားလာရာတွင်လည်းကောင်း၊ အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်ရာတွင်လည်းကောင်း၊ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းသည် မွေးဖွားချိန်မှစပြီး ကွယ်လွန်ချိန်အထိ မွေးစာရင်းပြုလုပ်ခြင်း၊ နိုင်ငံသားမှတ်ပုံတင် လျှောက်ထားရယူခြင်းနှင့် ဖွားသေစာရင်းများ ပြုလုပ်ခြင်းတို့အတွက် ရုံးသုံးစာဖြစ်သည့် (အခြေခံမြန်မာစာ) တတ်မြောက်ရေးနှင့် အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်ရာတွင် မှန်ကန်သော ဝင်ငွေရရှိရေးအတွက်(အခြေခံသင်္ချာ) တတ်မြောက်ရေးတို့ဟာ အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်အတွင်းမှ ဦးတည်အုပ်စုဖြစ်သည့် အသက်(၁၅)နှစ်နှင့်အထက် လူငယ်နှင့်သက်ကြီးပိုင်းအရွယ် (မည်သူမဆို) တိုင်းရင်းသားပြည်သူများ စာတတ်မြောက်လာစေရေးနှင့် လူနေမှုဘဝများမြင့်မားလာစေရေးတို့အတွက် အသိပညာများဖြန့်ဝေရာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာခံပြီး ဒေသဖွံဖြိုးရေးနှင့် စာတတ်မြောက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ဖို့အတွက် ဦးဆောင်သင်ကြားပေးကြမည့် စေတနာလုပ်အားပေးနည်းပြ/ ကြီးကြပ်များအနေဖြင့် သင်တန်းကာလမှာ အသေးစိတ်လေ့လာမှတ်သားကြရမှာဖြစ်ကြောင်း၊ မိမိတို့၏ စေတနာလုပ်အားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြိုတင်ပြင်ဆင်ခြင်း၊ အစ၊ အလယ်၊ အဆုံး လုပ်ငန်းများတွင် ကော်မတီဝင်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ အပါအဝင် စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ်များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် ပါဝင်ဆောင်ရွက်ထားရှိမှုများကို နေပြည်တော်ကောင်စီမှ အသိမှတ်ပြုပါကြောင်း၊ လူတိုင်းအတွက် ပညာရေး(Education For All- EFA) လုပ်ငန်းစဉ်များတွင် အားလုံးကကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွင်း စာမတတ်သူဦးရေလျှော့ချနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်၏ စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်မှုများတွင် သက်ဆိုင်သူများအားလုံးက ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောကြားသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ မြို့နယ် (၈)မြို့နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်းသို့ မြို့နယ်အသီးသီးမှ စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ် သင်တန်းသား၊ သင်တန်းသူ(၁၀၇)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ(၂၀)ရက်မှ (၂၂)ရက်နေ့အထိ (၃)ရက်ကြာမြင့်ကာ သင်တန်းတွင် စာတတ်မြောက်ရေးလုပ်ငန်း၏ သဘောသဘာဝ၊ စာတတ်မြောက်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံမြန်မာစာဘာသာ ရပ်သင်ကြားနည်း၊ အခြေခံသင်္ချာဘာသာရပ်သင်ကြားနည်း၊ သင်ကြားသင်ယူမှုနည်းစနစ်များ၊ သင်ပြနည်းဆိုင်ရာသိမှတ်ဖွယ်ရာများ၊ စာသင်သား၊ စာသင်ဝိုင်းနှင့် နည်းပြ/ ကြီးကြပ်စာရင်း ကောက်ပုံစံများ၊ တတ်မြောက်မှုပုံစံများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး နေပြည်တော်(၈)မြို့နယ်အတွင်း စာရင်းကောက်ယူရရှိထားသော (စာမတတ်သူ) စာသင်သား(၅၂၉)ဦးကို တစ်ရက်ပျမ်းမျှ(၃)နာရီနှုန်းဖြင့် အနည်းဆုံး နာရီပေါင်း(၁၂၀) ရက်ပေါင်း(၄၀)ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)