လားရှိုးမြို့နယ် စဉ့်အင်ကျေးရွာအနီး စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီးများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

လားရှိုး ဒီဇင်ဘာ ၂၁

တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိသေးသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ စဉ့်အင်ကျေးရွာအနီးတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီးများကို လားရှိုးမြို့တွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယခင်နှစ်များက  ဖရဲသီးပေါ်ချိန်များတွင် တရုတ်နိုင်ငံ သစ်သီးဈေးကွက်အတွင်းသို့  (၁၀၅)မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်မှတဆင့် တင်ပို့ရောင်းချကြသည့် ဖရဲသီးများကို ယခုနှစ်တွင် လမ်းပန်း ဆက်သွယ်ရေး အခြေအနေများကြောင့် တင်ပို့ရောင်းချနိုင်ခြင်းမရှိကြောင်း သိရသည်။

“အရင်နှစ်တွေတုန်းကတော့ ဖရဲသီးတွေကို တရုတ်နိုင်ငံ တင်ပို့ရောင်းချတာပါ။ ဒီတစ်နှစ် လမ်းပန်း ဆက်သွယ်ရေးက အရင်လိုမဟုတ်တော့ တင်ပို့ရောင်းချနိုင်ခြင်းမရှိဘူး။ ဒီတစ်နှစ်ဖရဲစိုက်သူတွေ အရှုံးပေါ်တာပေါ့။ ဈေးကွက်ကလည်း ကိုယ့်ရှမ်းပြည်ထဲမှာပဲ ရှိတော့တဲ့အခြေအနေပါ။ ရန်ကုန်၊ မန္တလေးဘက်ကိုတော့ အနည်းငယ်တင်ပို့ရောင်းချတာတွေရှိပါတယ်။ ဒါပေမယ့် လမ်းခရီးက အရင်လို မဟုတ်တော့ သယ်ပို့စရိတ်က ကြီးတယ်။” ဟု စဉ့်အင်ကျေးရွာအနီးတွင် ဖရဲသီးစိုက်ပျိုးရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသို့တင်ပို့ရောင်းချလျှင်  ဖရဲသီးတစ်လုံး ငါးသောင်းကျပ်ဝန်းကျင်ခန့်ထိ ဈေးရသော်လည်း ယခုအချိန်တွင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် အခက်အခဲများရှိနေခြင်းကြောင့် လားရှိုးမြို့တွင် ဖရဲသီး တစ်လုံးသုံးထောင်ကျပ်မှ တစ်သောင်းကျပ်ဈေးတို့ဖြင့်သာ ရောင်းချနေကြရကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး )