လားရှိုး ဒီဇင်ဘာ ၂၁
မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သတင်းအမှား/အမှန် ခွဲခြားသုံးသပ်နိုင်စေရန်တို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လားရှိုး)မှ ကျောင်းအုပ် ဒေါ်မြမြသင်းက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က ဌာန၏ ဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများ၊ လားရှိုးလူထုအခြေပြုဗဟိုဌာန(Community Cetre)တွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် အခမဲ့ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူမှုကွန်ယက်အသုံးပြုခြင်း၏ ကောင်းကျိုး/ဆိုးကျိုးများ၊ မိမိကိုင်တွယ်သော တယ်လီဖုန်းအား လုံခြုံအောင် အသုံးပြုခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လက်ကိုင်ဖုန်းကျင့်ဝတ်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ စသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၆)မှ သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ခရိုင်ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လားရှိုး)မှ ဆရာမများ၊ အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၆) သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)