ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)သို့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါး ဒီဇင်ဘာ ၂၀

ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးလုပ်ငန်းဆပ်ကော်မတီ(၈)ခုအတွက် ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေမှ ခွဲဝေပေးထားသည့်ရန်ပုံငွေအပေါ် ဆပ်ကော်မတီအလိုက် ဒေသလုံခြုံရေးအခြေအနေအရ အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ လာမည့်အချိန်တွင် ဒီထက်မက ထပ်မံအားထည့်ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ ကလေးအလုပ်သမားဖြစ်ရခြင်း၏ အဓိကအခြေခံအကြောင်းအရင်းများမှာ မိဘအုပ်ထိန်းသူများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ မိသားစုဝင်များပြား၍ စီးပွားရေးအဆင်မပြေဖြစ်ခြင်း၊ ပညာဆုံးခန်းတိုင်သင်ကြားနိုင်ရေး အခက်အခဲဖြစ်ခြင်းများကြောင့်ဖြစ်ပြီး မိဘအုပ်ထိန်းသူများ အလုပ်အကိုင်အခွင့်အလမ်းများပွင့်လမ်းလာမှသာ ကလေးအလုပ်သမားလျော့နည်းမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကျောင်းပြင်ပလူငယ်များအပါအဝင် အလုပ်အကိုင်နိုင်သူ ပြည်သူများ ရရှိနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ချင်းပြည်နယ်နှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSME)လုပ်ငန်းများအပြင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် KG+9 အထိ မသင်မနေရပညာရေး၊ စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းအပါအဝင် နည်လမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး သင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ထားပါကြောင်း၊ သို့ဖြစ်၍ ဆပ်ကော်မတီအလိုက် ကလေးအလုပ်သမားပပျောက်နိုင်ရေးအတွက်ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆက်လက်အားထည့်ကြိုးပမ်းဆောင်ရွက်မည့် အစီအမံများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်က အမှာစကားပြောကြားပြီး ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးဟုန်းကီးက ဒီဇင်ဘာလအထိ လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီ(၈)ခု၏ဖွဲ့စည်းပုံ၊ အစည်းအဝေးကျင်းပနိုင်မှု၊ အမျိုးသားကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေ၊ ဆပ်ကော်မတီအလိုက်ရန်ပုံငွေရရှိမှု၊ သုံးစွဲမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဆပ်ကော်မတီများဖြစ်သည့် စာရင်းကောက်ယူရေးလုပ်ငန်းဆပ်ကော်မတီ၊ အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီ ၊ ပညာရေးနှင့်အသက်မွေး ဝမ်းကျောင်းလုပ်ငန်းဆပ်ကော်မတီ၊ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၊ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းဆပ်ကော်မတီနှင့် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းဆပ်ကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ဆပ်ကော်မတီအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ရှင်းလင်းတင်ပြချက်များပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )