မိုးညှင်း ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသော မြို့သစ်ကလေးကျေးရွာ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ရှိသူများသည် ယခုဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြို့သစ်ကလေးကျေးရွာ လယ်ယာကုန်ထုတ်လုပ်ငန်း ဖောက်လုပ်နေမှုအခြေအနေများအား သွားရောက်စစ်ဆေးကြရာ တော်ဝင်သိင်္ခကုမ္ပဏီလီမိတက်မှ တာဝန်ခံ ဒေါ်ငယ်ငယ်ထွေးက လုပ်ငန်းများ ဆောင်ရွက်ထားရှိသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကာ ခရိုင်ဦးစီးမှူးက ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ကြရန်၊ လုပ်ငန်းတိုးတက်မှုအခြေအနေများအား ဓာတ်ပုံမှတ်တမ်းများဖြင့် အပတ်စဉ် ပေးပို့တင်ပြကြရန်နှင့် သတ်မှတ်ချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ မြို့သစ်ကလေးကျေးရွာ လယ်ယာကုန်ထုတ်လမ်းသည် အရှည် (၄)ဖာလုံ၊ အကျယ် (၁၂)ပေ၊ အမြင့် (၂)ပေနှင့် (၉)လက်မရှိ မြေသား သဲကျောက်ခင်းခြင်းလုပ်ငန်းနှင့် ရေပြွန် (၃)စင်းပါလုပ်ငန်းကို ယခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် (၅၀)ဒဿမ (၃၈၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် တော်ဝင်သိင်္ခကုမ္ပဏီမှ တာဝန်ယူပြီး အောက်တိုဘာလ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းပြီးစီးမှု အခြေအနေများမှာ (၇၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၎င်းလမ်းအား ဆောင်ရွက်ပြီးစီးသွားပါက လယ်ဧက (၁၂၀)ဧကနှင့် လူဦးရေ(၁၂၉၅)ဦးအတွက် များစွာ အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း