ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဒီဇင်ဘာလ (၂၀)ရက် နေ့က၊ ကတွယ်ကျေးရွာအုပ်စု၊ အညာစုကျေးရွာနှင့်မရွှေဥကျေးရွာအုပ်စု မရွှေဥကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကာ ကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင်လည်း ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်နှင့် တာဝန်ရှိ သူများက အညာစုကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၅၀)နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ် (၁.၈၄)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းလမ်းအရှည် (၁၅၀၀) ပေ၊ အကျယ်(၄)ပေ၊ (၆)လက်မထုခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် မရွှေဥ ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၅၀)နှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် (၁.၆၈)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း လမ်းအရှည် (၈၀၀)ပေ၊ အကျယ်(၈)ပေ၊ (၆)လက်မထုခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လမ်းအရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးနှင့် ကျေးရွာတွင်းလမ်း ကြာရှည်တည်တံ့ ကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်သွားကြရန်တို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါလည်း အညာစု ကျေးရွာနေပြည်သူ(၉၇၂)ဦးနှင့် မရွှေဥ ကျေးရွာနေပြည်သူ(၁၃၅၃)ဦးတို့ ရာသီမရွေး သွားလာအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)