ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံနှင့် အဆင့်မြင့် မော်တာအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ တက်ရောက်အားပေးချီးမြှင့်၊ 24 Hour Group of Co.Ltd အား လက်ခံတွေ့ဆုံ

ဘားအံ ဒီဇင်ဘာ ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့် အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများကို မြှင့်တင်ပေးနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလုပ်ငန်းစဉ် (၈)ရပ်ကို ရွေးထုတ်ချမှတ်ပြီး ဗဟိုမှ အောက်ခြေအထိ လုပ်ငန်းကော်မတီအသီးသီးဖွဲ့စည်းကာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်များ ဖွံ့ဖြိုးတိုးတက်စေရန်သာမက စိတ်ပိုင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တက်ရောက်လာသည့် သင်တန်းသူများအနေဖြင့် မိမိတို့ သင်ကြားခဲ့သည့် အတတ်ပညာဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ရင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းနိုင်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးဝင်းကျော်နိုင်က သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

အဆိုပါသင်တန်းတွင် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်လျက်ရှိပြီး အခြေခံမော်တာအပ်ချုပ်စက်သင်တန်းကို တစ်လ၊ အဆင့်မြင့်မော် တာအပ်ချုပ်စက်သင်တန်းကို တစ်လ စုစုပေါင်းသင်တန်းကာလ ၂ လ ကြာမြင့်မည်ဖြစ်ကာ မော်တာအပ်ချုပ်စက်နယ်ပယ်တွင် အတွေ့အကြုံရှိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး သင်တန်းခန်းမအတွင်း သင်တန်းသူများ၏ မော်တာအပ်ချုပ်စက်သင်တန်း တက်ရောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ ရုံးဧည့်ခန်းမ၌ 24 Hour Group of Co.Ltd မှ Chairman ဦးအောင်အောင်ဇော်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံသည်။

24 Hour Group of Co.Ltd ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော 24 Hour Mining & Industry Co.,Ltd သည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြိုင်ကလေးကျေးရွာရှိ တန် (၉၀၀)ဘိလပ်မြေစက်ရုံအား BOT စနစ်ဖြင့် ဘိလပ်မြေများ ထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး တွေ့ဆုံရာတွင် ဘားအံလေယာဉ်ကွင်း၌ ၁၉ ဦး စီးနင်းလိုက်ပါနိုင်သည့် လေယာဉ်ငယ်များ ပြေးဆွဲနိုင်ရေး၊ ဒေသထွက်သီးနှံများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)