မိုင်းယုမြို့၌ အခြေခံ မြန်မာစာ၊ မြန်မာစကားနှင့် ဂဏန်းသင်္ချာသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

မိုင်းယု ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အခြေခံစာမတတ်သူများ စာတတ်မြောက်စေရန်အတွက် အခြေခံမြန်မာစာ၊ မြန်မာစကားနှင့် ဂဏန်းသင်္ချာသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုကို ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ပြင်ဆင်ဆောင်ရွက်ထားရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြပြီး စာသင်ကြားရာတွင် အဆင်ပြေစွာ သင်ကြားနိုင်ရန်အတွက် စာသင်ခန်းအတွင်း စာရေးစားပွဲလုံလောက်မှုရှိစေရေး၊ လျှပ်စစ်မီးရရှိစေရေး၊ သင်ကြားမည့် အခြေအနေများစသည်တို့ကို ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်း သင်တန်းကို ယနေ့ ညနေ ၅ နာရီမှ ည ၈ နာရီထိ နေ့စဉ်သင်ကြားမည်ဖြစ်ပြီး ရက်ပေါင်း ၄၀ အကြာ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်း တက်ရောက်မည့်သူ စုစုပေါင်း ၃၁ ဦးခန့်ရှိကြောင်း သိရှိရသည်။

ကိုကိုနိုင်