မြစ်ကြီးနား ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပရေး၊ ပန်းမြို့တော် စီမံကိန်းဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့တွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် အတူ မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်းနှင့် ရုံးကြီး လမ်းဆုံ မီးပွိုင့်နေရာရှိ မြေကွက်လပ်တွင် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက် ထားရှိသည့် မြေယာရှုခင်းပြုပြင်ပြီး အလှပန်းပင်များ ပုံဖော်စိုက်ပျိုးထားရှိမှု၊ ဒီဇင်ဘာလ ခရစ္စမတ်ပွဲတော် ကြိုဆိုသည့် ဆိုင်းဘုတ်ဖြင့် အလှဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဆမားလမ်းနှင့် ဆွမ်ပရာဘွမ်လမ်းဆုံ ကျောက်စိမ်းတုံးမီးပွိုင့်နေရာ၌ ခရစ္စမတ်ပွဲတော် ကြိုဆိုသည့် ဆိုင်းဘုတ်နှင့် ခရစ္စမတ်သစ်ပင် စိုက်ထူ၍ ရောင်စုံအလှမီးများ တပ်ဆင်ထားရှိမှု၊ အလှ ပန်းပင်များဖြင့် ပုံဖော်စိုက်ပျိုးထားရှိမှု၊ Myitkyina City စာလုံးအလှပုံဖော်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရမ်ပူရပ်ကွက် နယ်မြေ ၁၁၊ လမ်းသွယ် ၃၄ အတွင်း မွန်းလွဲ ၁ နာရီခွဲက မီးလောင်မှုဖြစ်စဉ်ကြောင့် လူနေအိမ် ၄ လုံး မီးလောင် ဆုံးရှုံးခဲ့ရသဖြင့် အဆိုပါ မီးလောင်ရာနေရာသို့ သွားရောက်ကာ မီးလောင်မှုဖြစ်စဉ်ကြောင့် ဆုံးရှုံးခဲ့သည့် လူနေအိမ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နေအိမ်ဆုံးရှုံးခဲ့သည့် မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ အားပေးစကား ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မီးဘေးသင့်အိမ်ထောင်စု (၄)စုအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် နှစ်သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးလောင်ရာနေရာအား အမြန်ဆုံးရှင်းလင်း နိုင်ရေး၊ လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် ဌာနဆိုင်ရာများနှင့် အမြန်ဆုံး ဆက်သွယ်အကူအညီပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမကြီးဘေး၊ အောင်စေရန်အောင်ဘုရားအနီး တြိဂံအဝိုင်းပတ်နေရာ၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်နိုင်ရေး စည်ပင်သာယာရေးအဖွဲ့က ပန်းမြို့တော်စီမံကိန်း ဖြင့် Welcome to Myitkyina စာလုံးပုံဖော်ထားသည့် ဆိုင်းဘုတ်နှင့် မေခဥယျာဉ်ငယ်အတွင်း အလှ ပန်းပင်များ ပုံဖော်စိုက်ပျိုးထားရှိမှု၊ အများပြည်သူ အပန်းဖြေနေရာတစ်ခုအဖြစ် ပုံဖော်ဆောင်ရွက် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြစ်ကြီးနားလေဆိပ်ရှေ့ရှိ မလိခပန်းခြံငယ်နှင့် လေယာဉ်ကွင်းရှေ့တွင် အရိပ်ရ အလှ ပန်းပင်များ စိုက်ပျိုးထားရှိမှု၊ လေဆိပ်အဆောက်အအုံအတွင်း ကြမ်းခင်းကြွေပြားများ ပြုပြင် ဆောင်ရွက်နိုင်ရေးနှင့် လေဆိပ်အဆောက်အအုံဝန်းကျင်တွင် ပန်းပင်များ စိုက်ပျိုးထားရှိမှုတို့ကို လည်းကောင်း၊ ထိုမှတစ်ဆင့် ကမ်းနားလမ်းပေါ်တွင် ပန်းခြံငယ်နှင့် We Love Myitkyina ဆိုင်းဘုတ် အလှတပ်ဆင် ဆောင်ရွက်ထားရှိမှု၊ ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် ကမ်းပါးထိန်းသိမ်းရေး အစီအစဉ်ဖြင့် အရိပ်ရအပင်ကြီးများ စိုက်ပျိုးထားရှိမှု၊ နေကြာ စိုက်ခင်း စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ကမ်းနားလမ်းတစ်လျှောက် ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက် ၉ နာရီက (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ရိုးရာအစဉ်အလာမပျက် မနောအကနှင့်အတူ ကျင်းပပြုလုပ်နိုင်ရေး ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် မနောကွင်းငယ်နှင့် မနောတိုင်စိုက်ထူနိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ မနောတိုင်စိုက်ထူပွဲတွင် နှစ်ခြင်းခရစ်ယာန်အသင်းတော် သိက္ခာတော်ရဆရာနှင့် ကတ်သလစ်ဘုန်းတော်ကြီးတို့က ဆုတောင်းဆက်ကပ် ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မနောတိုင်အား အတူတကွ စိုက်ထူခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မနောတိုင်စိုက်ထူခြင်း မင်္ဂလာ အခမ်းအနားတွင် ကူညီခဲ့ကြသော ဘာသာရေးဆရာများနှင့် တာဝန်ရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)