တာမွေ ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ (Working Group) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်က “နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲမှ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန၊ မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မြေပြင်လူဦးရေစာရင်း မှန်ကန်ရေးသည်အဓိကဖြစ်ပါကြောင်း၊ မြေပြင်လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြို့နယ်အဆင့်/ရပ်ကွက်အဆင့် မြေပြင်တစ်အိမ်တက်ဆင်း ကောက်ယူမည့် အဖွဲ့များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ” ရှင်းလင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)