ဆီဆိုင် ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တော်ဆိုင်ကယ်ပြုပြင်နည်း အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ပုံးလောင်းကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်တို့က သင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးမှာဖြစ်ပြီး တက်ရောက်မည့် သင်တန်းသားများကလည်း လုပ်ငန်းထူထောင်နိုင်ရေးအတွက် စိတ်ပါဝင်စားစွာဖြင့် အမှန်တကယ် တတ်မြောက်သည်အထိ သင်ယူကြစေလိုကြောင်း ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထျာရယ်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တော်ဆိုင်ကယ်ပြုပြင်နည်း အခြေခံသင်တန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာမှ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ နောင်ကျောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသည့်တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းကို နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၂၀)ဦးတို့အား ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)