အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)တွင် လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာလ ၂၀

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)တို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက  အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)ကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)မှ ကျောင်းသား/သူများဖြစ်သည့် မတင်နီလာဝင်းက “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပိုင်သန့်နေက “လူငယ်နှင့် အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြိုးမင်းသူက “လူငယ်နှင့်သဘာဝ ပတ်ဝန်းကျင်”၊ မောင်ဖုန်းပြည့်ဟိန်းက “လူငယ်နှင့်ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မရွှန်းလဲ့ဖြိုးက “လူငယ်နှင့်အတွေးအခေါ်”၊ မောင်ဘုန်းမြတ်လင်းနှင့် မောင်ဂျူလီယန်တို့က “လူငယ်နှင့် အနုပညာ” စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စာရေးဆရာ ကိုရွှေအောင်သင်း ကျောင်းသား/ကျောင်းသူများ၏ ဆွေးနွေးချက်များအပေါ်  ဖြည့်စွက်ဆွေးနွေးပြီး ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက လူငယ်စကားဝိုင်းကျင်းပခဲ့မှုနှင့်ပတ်သက်၍ မုဒိတာစကားပြောကြားပြီး ဖြည့်စွက်ဆွေးနွေးခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  ဂုဏ်ပြုမှတ်တမ်းတင် လက်မှတ်များ ပေးအပ်ပြီး လူငယ်စကားဝိုင်းအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ အဆိုပါ  လူငယ်စကားဝိုင်းသို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနမှူးများ၊ ဆရာ/ဆရာမ များ နှင့် ကျောင်းသား/ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက် )