ဇေယျာသီရိမြို့နယ်တွင် တီဘီရောဂါကွင်းဆင်းရှာဖွေကုသခြင်းလုပ်ငန်းများ ဆောင်ရွက်

ဇေယျာသီရိ ဒီဇင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် နေပြည်တော်တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးဆောင်ရွက်သည့် တီဘီရောဂါကွင်းဆင်းရှာဖွေကုသခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးဦးဆောင်၍ ဇေယျာသီရိမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက တီဘီရောဂါလူနာ အသစ်ရှာဖွေခြင်းတို့ကို ခေတ်မီဓာတ်မှန်စက်ကြီးများဖြင့်ရှာဖွေ၍ အထူးကုဆရာဝန်ကြီးများက ကုသပေးမည်ဖြစ်ပြီး မကျန်းမာသောသူများ၊ ရက်ရှည်ချောင်းဆိုးနေသူများနှင့် မိသားစုဝင်များ၊ ကျန်းမာရေးစစ်ဆေးလိုသူများအား မည်သူမဆိုတီဘီရောဂါ အခမဲ့စစ်ဆေးရှာဖွေ ကုသပေးမည်ဖြစ်သည်။

နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါကွင်းဆင်းရှာဖွေကုသရေးအဖွဲ့သည် ဇေယျာသီရိမြို့နယ်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကွင်းဆင်းရှာဖွေ ဆေးကုသပေးမည်ဖြစ်ရာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ၌ ကွင်းဆင်းရှာဖွေဆေးကုသပေးမည်ဖြစ်ပြီး မည်သူမဆိုလာရောက်၍ တီဘီရောဂါရှာဖွေစစ်ဆေး၍ ဆေးကုသနိုင်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)