မြိတ် ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သဘာဝဘေးအသိပညာဗဟုသုတရရှိစေရန်၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို အကောင်းဆုံးရင်ဆိုင်တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် ဟန်ချက်ညီစွာပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးမှုလျော့နည်းအောင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC)ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင်ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို သိရှိနားလည် မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် မြိတ်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဖြစ်ပွားနိုင်သောဘေးအလိုက် ကြိုတင်သတိပေးချက်များကို အချိန်မီထိရောက်စွာ ဖြန့်ဝေနိုင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံဝေါဟာရများ၊ သဘာဝဘေး အန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်ဆုံးရှုံးနိုင်ခြေလျော့ချခြင်းကို ထည့်သွင်းရေးဆွဲခြင်း၊ ဘေးအန္တရာယ်လျော့ပါးသက်သာစေရန်နည်းလမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ/နည်းဥပဒေ၊ ကြိုတင်သတိပေးစနစ်ကိုခြုံငုံလေ့လာခြင်း၊ ကနဦးလိုအပ်မှုများ အကဲဖြတ်ဆန်းစစ်ခြင်း၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကယ်ဆယ်ရေးပစ္စည်းဖြန့်ဝေခြင်းနှင့် ရှေးဦးပြုစုနည်းစသည့် ဘာသာရပ်များကို စာတွေ့သင်ကြားခြင်း၊ အုပ်စုဖွဲ့ဆွေနွေးခြင်း၊ ဘေးအန္တရာယ်တုံ့ပြန်မှုစားပွဲဝိုင်း လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
သင်တန်းကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဒေါ်နန်းနန်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ဦးဇေယျာစိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ သင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းများမှ သင်တန်းသား(၃၀)ဦးတက်ရောက်ခဲ့ကြကာ သင်တန်းကို ဒီဇင်ဘာ(၂၀)ရက်မှ(၂၂)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)