မလှိုင် ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဆောင်းဆီထွက်သီးနှံ (နေကြာ) အစောစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုပြသခြင်းနှင့် စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွှဲပိုင်းက ဖက်ကုန်းကျေးရွာအုပ်စု၊ ဖက်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က ဖက်ကုန်းကျေးရွာ ကွင်းအမှတ်(၃၇၄)၊ ဦးပိုင်အမှတ်(၂၆)တွင် တောင်သူ ဦးကျော်အေး စိုက်ပျိုးထားသော ရေဆင်း(၁)စပ်မျိုးနေကြာ(၂)ဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား တောင်သူများကိုလက်တွေ့ပြသခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးစန်းယုက သီးနှံအထွက်တိုး နည်းစနစ်များအကြောင်း၊ ရေဆင်း(၁)စပ်မျိုးနေကြာ စိုက်ပျိုးထုတ်လုပ်နည်းစနစ်များ၊ ပန်းတိုင်အထွက်နှုန်းရရှိရေး သီးနှံစိုက်ပျိုးနည်းစနစ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများ၏သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
ထို့နောက် အဆိုပါအစောစိုက်နေကြာစိုက်ခင်းအား လက်တွေ့စံကွက်ရိတ်သိမ်းခဲ့ရာ(၁)ဧကရှိ အပင်ပေါင်း(၂၉၀၄၀)ပင်တွင် တစ်ပွင့်ပါ အောင်စေ့(၁၇၅)စေ့ရှိ၍ အထွက်နှုန်း (၁၇.၄၉)တင်း ထွက်ရှိ ကြောင်းသိရသည်။ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးဇော်လင်းကို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးစန်းယုနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
မလှိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်းဆီထွက်(နေကြာ)သီးနှံကို နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ကံကြီးကျေးရွာနှင့် ဖက်ကုန်းကျေးရွာအုပ်စု၊ ကျေးရွာအုပ်စု (၂)ခုတွင် နေကြာသီးနှံကို ကွင်းပေါင်း(၁၄)ကွင်း၌ တောင်သူဦးရေ(၅၆)ဦးတို့က ဧက(၁၅၀)အား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ (၁)ဧကလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် ဧက(၁၅၀)အတွက် ငွေကျပ် သိန်း(၃၀၀)နှင့်ညီမျှသော သွင်းအားစုများကို သုံးစွဲစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)