ကျိုင်းတုံ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဓမ္မောဒယစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒမေဓာ၊ သက်တော်(၆၄)နှစ်၊ ဝါတော်(၄၄)ဝါ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကျင်းပရေးအတွက် ဖွဲ့စည်းထားသော နာယကဆရာတော်ကြီးများနှင့်ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက် ညနေ ၃ နာရီက ဓမ္မောဒယစာသင်တိုက်ခွဲ၊ ဘုရားကိုးဆူကျောင်းတွင် ကျင်းပသည်။
အစည်းအဝေးတွင် ဈာပနကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းက လုပ်ငန်းကော်မတီများနှင့်ပတ်သက်၍ လိုအပ်သည်များမှာကြားပြီး ဈာပနကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများက ဆောင်ရွက်ထားမှုအခြေအနေများနှင့် ဈာပနအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ နာယကဆရာတော်ကြီးများက လိုအပ်သည်များဖြည့်စွက်မိန့်ကြားသည်။
ဓမ္မောဒယစာသင်တိုက်၊ ပဓာနနာယကဆရာတော်ဘဒ္ဒန္တနန္ဒမေဓာသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူပြီး ဆရာတော်၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်၊ ကျိုင်းတုံမြို့ဓမ္မောဒယစာသင်တိုက်ခွဲ၊ ဘုရားကိုးဆူကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် တရားပွဲများကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)