လားရှိုး ဒီဇင်ဘာလ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့လှူဒါန်းမှုများအား သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ကျင်းပသည်။
ရှေးဦးစွာ လားရှိုးမြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆုရ၊ ရှမ်းပြည်နယ်လူမှုထူးချွန်(ပထမအဆင့်)၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာစရိယ၊ အဂ္ဂမဟာဂန္ထဝါစကမဏ္ဍိတ ဘဒ္ဒန္တပုညနန္ဒ အရှင်သူမြတ်ကြီးက ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့နယ်အသီးသီးရှိ နယ်စပ်တောင်တန်းသာသနာပြု ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ထောက်ပံ့ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက လားရှိုး၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်တို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က မိုင်းရယ်၊ လောက်ကိုင်၊ ကွတ်ခိုင်မြို့နယ်တို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(လားရှိုး) ရဲမှူးကြီးလှမင်းနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က နမ့်ခမ်း၊ မူဆယ်မြို့တို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း ထောက်ပံ့ပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုင်းရယ်၊ လောက်ကိုင်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီမြို့တို့မှ ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူ ၁၇၃၀၀ ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)