သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

သရက်ချောင်း ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ကျင်းပပြုလုပ်သော ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းစ၍ သရက်ချောင်းမြို့၊ မိုးလုံလေလုံအားကစားခန်းမနှင့် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတို့တွင် ကျင်းခဲ့သည်။

အဆိုပါ ကာယစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၈နာရီအချိန်က ကျင်းပရာ (အကြီးဆင့်)ကျား အရုပ်ထောင်ပြေးပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဇွန်းကိုက်ပြိုင်ပွဲ၊ မြင်းစီးပြိုင်ပွဲ၊ ရေဖြည့်ပြေးပြိုင်ပွဲ၊ (အကြီးဆင့်)မ စကောရွက်ပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြေးပြိုင်ပွဲ၊ ခေါင်းအုံးစွပ်ပြိုင်ပွဲ၊ အရောင်ရွေး ပြေးပြိုင်ပွဲ၊ (အငယ်ဆင့်)ကျား မြင်းစီးပြိုင်ပွဲ၊ အရုပ်ထောင်ပြေးပြိုင်ပွဲ၊ ဇွန်းကိုက်ပြိုင်ပွဲ၊ ဘောလုံးကောက်ပြေးပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ (အငယ်ဆင့်)မ ကွမ်းသီးကောက်ပြိုင်ပွဲ၊ လွယ်အိတ်လွယ်ပြေးပြိုင်ပွဲ၊ အရောင်ရွေးပြိုင်ပွဲ၊ ခေါင်းအုံးစွပ်ပြိုင်ပွဲများအား လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များက ပျော်ရွှင်စွာအားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြရာ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလင်းနိုင်ဦး၊ မြို့နယ်လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ တာဝန်ခံဆရာမ ဒေါ်ယမုံဖူးနှင့် ဆရာ/ဆရာမများ၊ ဒိုင်အဖွဲ့ဝင်များက အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ အကဲဖြတ်ရွေးချယ်ခဲ့ကြပြီး ပြိုင်ပွဲယှဉ်ပြိုင်နေမှုကို ရင်သွေးငယ်များ၏ မိဘများ၊ ရပ်မိ/ရပ်ဖများနှင့် ကျောင်းသား/သူများကအားပေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ အားကစားနည်းအလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများရရှိသော ရင်သွေးငယ်များအား တာဝန်ရှိသူများက ဒိုင်းဆုများချီးမြှင့်ကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)