ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်

ပိုင်ကျုံ ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ အရှင်ခန္တီစာရရေးသားသည့် ဓမ္မလေညှင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုဦးစီးမှူးဒေါ်နော်ခူးခူးက  စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်နှင့် စာအုပ်ပါအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဦးနိုင်ရောင်က လူ့ဘုံကအင်မတန်မှတန်ဖိုးရှိတယ်  ဆိုသည့်ခေါင်းစဉ်ကို ဆွေးနွေးရာတွင် လူ့ဘုံမှာလူဘဝရတာဟာ အင်မတန်မှကံကောင်းကြတယ်၊

လူ့ဘုံဘဝမှာ သုခနဲ့ဒုက္ခရောပြီးတော့နေတယ်၊ ဒါကြောင့် သတိတရားနှင့်နေထိုင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြီး နော်အယ်စတာက အတင်းပြောတာ အကုသိုလ်ဆိုသည့် ခေါင်းစဉ်ကိုဆွေးနွေးရာတွင် မူးယစ်ဆေးဝါးစွဲလျှင် ဖြတ်ဖို့ခက်သလို အတင်းပြောတာလည်း ဖြတ်ဖို့ခက်သည့်အကြောင်းကို ဆွေးနွေးပြီးနောက် ဆွေးနွေးပွဲတွင်တက်ရောက်လာကြသည့်အဖွဲ့ဝင်များတို့မှ မိမိတို့သိရှိသည့် အသိပညာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းကြောင့် စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း အချင်းချင်းတစ်ဦးနှင့်တစ်ဦး စာပေအသိပညာများ နှီးနှောဖလှယ်နိုင်ပြီး အကောင်း/အဆိုးများကိုလည်း ဝေဖန်ပိုင်းခြားလာနိုင်ပါကြောင်း သိရပါသည်။

နော်ခူး(ပြန်/ဆက်)