ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အိမ်တွင်းသက်မွေးဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းဖြစ်သည့် ဆပ်ပြာရည်/ခေါင်းလျှော်ရည် ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို၊ ဒီဇင်ဘာ(၂၀)ရက်နေ့ နံနက်(၁၀)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမဒေါ်နန်းမြင့်ဦးက သင်တန်းတွင် သင်ကြားပေးသွားမည့် နည်းစနစ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြကာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ သင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစီအစဉ်ဖြင့် ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရပြီး ပထမအကြိမ်သင်တန်းကို ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ပြီးစီးခဲ့ကြောင်းနှင့် အဆိုပါ ပထမအကြိမ်တက်ရောက်ခဲ့ပြီး အဆိုပါလုပ်ငန်းဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ကိုင်နေသူများကို ပြန်လည်ရွေးချယ်ခေါ်ယူ၍ ဆပ်ပြာရည်နှင့်ခေါင်းလျှော်ရည်လုပ်ငန်းများကို မိသားစုစီးပွားရေးအထောက်အကူပြုနိုင်သည်အထိ၊ နည်းစနစ်သစ်များဖြင့် မွမ်းမံသင်တန်းအဖြစ် ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ယခုသင်တန်းတွင် သင်တန်းသူ(၁၅)ဦး တက်ရောက်ကြမည်ဖြစ်၍ သင်တန်းကာလ ပြီးဆုံးပါချိန်တွင် အကဲဖြတ်အမှတ်ပေးစနစ်အရ ပထမရရှိသူကို ငွေကျပ်(၁)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ဒုတိယရရှိသူကို ငွေကျပ်(၆)သောင်းနှင့်ညီမျှသောလုပ်ငန်းသုံးပစ္စည်း၊ တတိယရရှိသူကို ငွေကျပ်(၄)သောင်းနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျန်သင်တန်းသူ(၁၂)ဦးကို သင်တန်းတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများနှင့်ထုတ်လုပ်ပြီး ကုန်ချောပစ္စည်းများကို ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ပြောပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မိတ်ဖက်ဌာနများမှဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၅)ရက်ဖြစ်ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)