မိတ္ထီလာ ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ မိတ္ထီလာ-မြင်းခြံလမ်းမှ ရေချို-ဘူတာရွာသာ လမ်းအား ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ကျေးရွာ(၄)ရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မိတ္ထီလာ-မြင်းခြံလမ်းမှ ရေချို-ဘူတာရွာသာလမ်းအား ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် လမ်းအရှည် (၁.၂၀၆ ကီလိုမီတာ) အား (50mm-100mm) ခွဲကျောက်ဖြင့် (4.88m)အကျယ် (150mm) ထုခင်း၍ (3.66m) အကျယ် (375mm) ထု ကတ္တရာခင်းခြင်းလုပ်ငန်းအား H Double H Capital Company မှ တာဝန်ယူ၍ ကတ္တရာခင်းခြင်းလုပ်ငန်းအား ဇူလိုင်လမှ စတင်ဆောင်ရွက်လျက်ရှိရာ ၎င်းရေချို-ဘူတာရွာသာလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
အဆိုပါလမ်းအဆင်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ရေချို(အရှေ့)၊ ရေချိုသန်းကုန်း၊ ရေချိုရွာမ၊ ရွာသာကျေးရွာများမှ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေး အဆင်ပြေချောမွေ့သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)