မှိုင်းပန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေး

​ကျောက်ဆည် ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိရေး ပြည်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မှိုင်းပန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းများနှင့်ပတ်သတ်၍ ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးက ယခင်ကကျေးရွာတွင်းလမ်းတွေသည် မြေသားလမ်းဖြစ်သောကြောင့် မိုးရာသီအချိန်တွင် သွားလာရာ၌ အခက်အခဲများ ကြုံတွေ့ရကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရွေးချယ်ထားကြောင်းနှင့် ခွင်ပြုရန်ပုံငွေများကို ကျေးရွာအတွက်အမှန်တကယ်လိုအပ်သည့်နေရာများတွင် ဆောင်ရွက်သွားကြရန် စီမံကိန်းလုပ်ငန်းများအကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများအား တွေ့ဆုံဆွေးနွေးခဲ့ရာ ကျေးရွာတာဝန်ရှိသူများက ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအနေဖြင့် ကျေးရွာတွင်းလမ်းများ ရာသီမရွေးသွားလာနိုင်ရေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ကြပြီး ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းပြီး  လမ်းများအရည်အသွေးကောင်းမွန်ပြီး ရေရှည်တည်တံ့ခိုင်မြဲရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြောပြ၍ သိရသည်။  

ကျေးရွာတွင်း ကွန်ကရစ်ခြင်းခြင်းလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေကျပ်(၁၅,၀၀၀,၀၀၀)၊ ပြည်သူထည့်ဝင်ငွေ (လုပ်အားတန်ဖိုးငွေကျပ်)(၅,၇၇၈,၀၀၀) စုစုပေါင်းငွေကျပ်(၂၀,၇၇၈,၀၀၀)ဖြင့် လမ်းအရှည်(၇၁၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းခြင်းများဆောင်ရွက်ခဲ့ရာ လုပ်ငန်းများပြီးစီးပြီးဖြစ်သောကြောင့် လမ်းများကောင်းမွန်လာပြီး လူမှုဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း သိရသည်။     

သက်မောင်(ကျောက်ဆည်)