ပုံပါကျင် ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့အတွင်းရှိ ကျေးရွာအုပ်စုများတွင် တောင်သူတို့ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ရွှေပဲရွက်စိုက်ခင်းများမှာ ရှင်သန်ပြီး ဝေဝေဆာဆာရှိနေကြသည်ကို တွေ့ရသည်။
အဆိုပါ ရွှေပဲရွက်ကို ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ ဟင်းရည်၊ တို့စရာတို့တွင် မိမိကြိုက်နှစ်သက်သလို အမျိုးမျိုးအလွယ်တကူ ပြုလုပ်စားသုံးနိုင်ကြောင်းနှင့် တောင်သူအများစုမှာ ရွှေပဲရွက်ကို မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် အဓိကထား စိုက်ပျိုးကြသဖြင့် ရွှေပဲရွက်ကို တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးကြပြီး နတ်တော်လ၊ ပြာသိုလ၊ တပို့တွဲလတို့တွင် အများဆုံးစိုက်ပျိုးကာရရှိသည့် ရွှေပဲရွက်များကို ဈေး၊ ခေါက်ဆွဲဆိုင်များသို့ သွားရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
ရွှေပဲရွက်ကို အဓိကအားထားစိုက်ပျိုးကြရသည်မှာ မိသားစုအပိုဝင်ငွေရရှိစေရေးနှင့် မီးဖိုချောင်အသုံးစရိတ်ကို ကာမိအောင်စိုက်ကြခြင်းဖြစ်ကြောင်း၊ ရွှေပဲရွက်ပေါ်ချိန်တွင် တစ်ပုံလျှင်ဘတ်ငွေ(၅)ဘတ်၊ မြန်မာငွေကျပ် ၅၀၀ ရရှိပြီး ခြံထဲအထိ လာရောက်ဝယ်ယူသူများလည်းရှိကြောင်း တောင်သူဦးစိုင်းကျော်ကျော်၏ ပြောကြားချက်အရ သိရသည်။
အိအိဖြိုး(ပုံပါကျင်၊ ပြန်/ဆက်)