စဉ့်ကိုင် ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားထားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝါသနာပါသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာဖတ်ပရိတ်သတ်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းဖြင့် အသိပညာဗဟုသုတများစွာ တိုးပွားစေခြင်း၊ မိတ်ဆွေအပေါင်းသင်းများတိုးပွားစေခြင်း၊ အတွေးအခေါ်သစ်များရရှိစေခြင်း၊ အချိန်အနည်းငယ်အတွင်း အသိပညာဗဟုသုတများစွာရရှိစေသောကြောင့် စာဖတ်ဝိုင်းသို့ တက်ရောက်ကြစေလိုကြောင်း၊ ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် စာဖတ်သည့် အလေ့အထများ ပိုမိုတိုးတက်ရရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနာယက ဦးသန်းအောင်က “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်မှ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသန်းဝင်း(ပညာရေး)က ၎င်းစာအုပ်ထဲမှ “ဆယ်စောင်တွဲနှင့် ဘုန်းဘုန်းတာ့တာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးအေးကိုကို (ဝင်းမောင်မောင်) (ပန်းလောင်လွင်ပြင်)က “ ဂုဏ်ယူစရာ ကြိုးစားစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ဒေါ်ခင်စန်းက“လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်တဲ့အရာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နီနီက “လူငယ်များအတွက် ဇာတက” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များ၊ စာဖတ်ပရိတ်သတ်များကလည်း စာအုပ်ပါအခန်းကဏ္ဍများထဲမှ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)