မိုင်းယောင်း၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေး

မိုင်းယောင်း ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာ လျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးပွဲကို ယမန်နေ့က အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်တို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သောင်းအိအိထွန်းတို့က ဒေသတွင်းတောင်ယာ၊ တောတောင်များတွင် တောမီးရှို့ခြင်းများမပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ ဖုံးလွှမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ ငါးရှော့တိုက်ခြင်းများ မပြုလုပ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးတားလမ်းကိုလည်း အကျယ် ၁၆ ပေခန့် ပြုလုပ်ထားရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် အမှတ်(၅၊ ၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ရုံးစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီး ဝမ်ကြူးကျေးရွာ၊ ရွှေညောင်ပင်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်၀င်းနှင့်ဇနီး ဒေါ်နန်းအေးငွေ မိသားစုမှ လှူဒါန်းငွေကျပ်သိန်း(၃၀)ဖြင့် တည်ထားသော အလျား(၁)ပေခွဲ၊ အနံ(၁)ပေခွဲ၊ အမြင့်(၁၁)ပေရှိ ညောင်ထောက်ကွန်ကရစ်လုပ်ငန်း (၄၅%)ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)