ဟားခါး ဒီဇင်ဘာ ၂၀
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက် ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကျောဘုတ်ဥယျာဉ်ရှိ ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။
ထိုသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးရာတွင် ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးက အယ်နီညိုရာသီဥတုကြောင့် စိုက်ပျိုးရေးထိခိုက်မှုမရှိဘဲ အချိန်မီစိုက်ပျိုးနိုင်ရေး အတွက် စပါးမျိုးစုံ၊ အစေ့ထုတ်ပြောင်း စသည့်မျိုးစေ့များ စုဆောင်းထားရှိမှုအခြေအနေ၊ လာမည့် ၂၀၂၄−၂၀၂၅ နှစ် မိုးရာသီတွင် စိုက်ပျိုးမည့် နှစ်ရှည်ပင်များဖြစ်သော ဝဥ၊ စပျစ်၊ လိမ္မော်၊ ထောပတ်၊ ကော်ဖီပင်များ ပျိုးထောင်ထားရှိမှုအခြေအနေ၊ ချင်းပြည်နယ်အတွင်း ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်ရေးအတွက် ခေတ်မီတောင်စောင်းစနစ် စိုက်ပျိုးထားရှိမှုအခြေအနေ ၊ ၂၀၂၁−၂၀၂၂ ခုနှစ်မှ စတင်၍ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ စပါး၊ ဂျုံ၊ အစေ့ထုတ်ပြောင်း၊ လူး၊ ဆပ်၊ ပဲပုပ်၊ ပဲလွန်းစသည့် သီးနှံမျိုးများ ဒေသနှင့် ကိုက်ညီမှုရှိ မရှိ စမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသပြီး ဆက်လက်အကောင်အထည် ဖော်လိုသည့် အစီအမံများကို တင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအတွက် ပြည်နယ်ဝန်ကြီးချုပ်က ခရစ္စမတ်လက်ဆောင်အဖြစ် ကျပ် ၁၀ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)