ညောင်ရွှေ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် လျှပ်စစ်နှင့် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈)နာရီခွဲက ညောင်ရွှေမြို့နယ်ရှိ သက်မွေးပညာသင်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြား ရာ၌ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးအန္တရာယ်အမျိုးမျိုး၏ အကျိုးဆက်များကြောင့် စားနက်ရိက္ခာဖူလုံမှုမရှိခြင်းများ၊ ဆင်းရဲနွမ်းပါးမှုများ၊ လူမှုစီးပွားရေးဘဝ အကြပ်အတည်းများ ဖြစ်ပေါ်လာပြီး ကလေးများအား အသက်ငယ်ရွယ်ချိန်တွင် ကလေးအလုပ်သမားအဖြစ် ရောက်ရှိအောင် တွန်းပို့လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးများအား ကာကွယ်စောင့်ရှောက် ပေးရန်အတွက် အမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းသလို ရှမ်းပြည်နယ်တွင်လည်း ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီ (၈)ခုကို ဖွဲ့စည်းပြီး ပြည်နယ်အတွင်း ကလေး အလုပ်သမား လျော့နည်းပပျောက်စေရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သင်တန်း (၇)မျိုးမှ သင်တန်းသား (၁၄၀)ဦး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် သင်တန်း(၆)မျိုးမှ သင်တန်းသား (၁၂၅)ဦး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သင်တန်း (၁၀)မျိုးမှ သင်တန်းသား (၂၂၇)ဦးတို့အား အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသက်မွေးပညာသင်တန်းမှ တစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိပြီး မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေ တိုးတက်စေရေးတို့ အတွက် ဆောင်ရွက်နိုင်ကြပါစေလို့ ပြောကြားလိုပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းစားစရိတ် ထောက်ပံ့ငွေပေးအပ်ရာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးကလည်းကောင်း၊ ပြည်နယ် လူမှုရေးဝန်ကြီးက သင်ထောက်ကူပစ္စည်းများပေးအပ်ရာ လျှပ်စစ်သင်တန်းဆရာကလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ရာ စက်ချုပ်သင်တန်းဆရာမကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍ သင်တန်းတက်ရောက် သင်ကြားနေ မှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သက်မွေးပညာသင်တန်း လျှပ်စစ်အခြေခံသင်တန်းသို့ သင်တန်းသား (၂၅)ဦး၊ စက်ချုပ်အခြေခံ သင်တန်းသို့ သင်တန်းသား (၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညောင်ရွှေမြို့ မဟာရန်အောင်ဘုရားတွင် ရောက်ရှိနေကြသည့် ကယားပြည်နယ်မှ ယာယီနေရပ်စွန့်ခွာ ပြည်သူ (၁၈၂)ဦး၊ လောကသကျမာရဇိန် စေတီတော်ရှိ (၂၂၄)ဦး၊ မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်းရှိ (၃၃၉)ဦးနှင့် အဌဒိသာဓမ္မဝိဟရ ဒေသစာရီ ကျောင်းတော်ရှိ (၁၈၂)ဦးတို့အား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ထောက်ပံ့ငွေများနှင့် ပြည်နယ်အစိုးအဖွဲ့မှ ထောက်ပံ့ငွေများ၊ အဝတ်အထည်များ၊ ကျောင်းဝတ်စုံများ ပံ့ပိုးကူညီပေးအပ်ခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ညောင်ရွှေမြို့အတွင်းရှိ ညဈေးတန်းပြုလုပ်မည့် လွတ်လပ်ရေး ကျောက်တိုင်ကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ